နွေအပူဒါဏ် သက်သာစေဖို့ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ
နွေရာသီဆိုတာက ပူပြင်းသလို ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကို အလွယ်တကူဆုံးရှုံးမှု ဖြစ်စေတဲ့ ရာသီဥတု တစ်ခုပါ။ ချွေးနဲ့အတူ ကိုယ်ထဲက ရေဓာတ် အရေးပါတဲ့ သတ္တုဓာတ်တွေကို အခြားရာသီတွေထက် အလွယ်တကူကို ဆုံးရှုံးနေရတာပါ။ ဒီလို ဆုံးရှုံးမှုတွေကို ပြန်လည် ဖြည့်တင်းဖို့ လိုပြီး ထိထိရောက်ရောက် မဖြည့်တင်းနိုင်တဲ့အခါမျိုးမှာ အမျိုးမျိုးသော အပူဒဏ် ပြဿနာတွေကို ခံစားလာရနိုင်ပါတယ်။
နွေရာသီမှာ အပူဒဏ်ကြောင့် ခံစားရတဲ့ ကျန်းမာရေးပြဿနာ အထွေထွေကို ကင်းဝေးစေဖို့ဆိုရင် လိုက်နာသင့်တဲ့ စားသောက်မှုပုံစံရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကိုတော့ စာလေးကို ဆုံးအောင်ဖတ်ကြည့်လိုက်တော့နော်။
နွေပူပူမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံ
နွေပူပူမှာ လိုက်နာသင့်တဲ့ စားသောက်မှုပုံစံကတော့ ရိုးစင်းပါတယ်။ ဒါကတော့
ရေများများ သောက်ပါ - ရေသောက်ပါဆိုတဲ့နေရာမှာ သန့်ရှင်းတဲ့ သောက်ရေသန့်ကို သောက်စေချင်တာပါ။ ရေသောက်တာက ခန္ဓာကိုယ်ကို အေမြစေပြီး ကျန်းမာစေဖို့ရော အပူဒဏ်ကို ခံနိုင်စေဖို့ပါ အားဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် နွေနေပေူအောက်မှာ တစ်နေ့ကို ရေ ၈ ခွက်တော့ သောက်ဖြစ်အောင် သောက်ပါ။ ကိုယ်မှာ ရေဓာတတ်ပြည့်ဝနေခြင်းက အပူချိန်ကို ကျဆင်းစေပြီး အေးမြနေစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် နွေရာသီမှာ ရေသောက်ပါ။ ဟင်းချိုရည်၊ သဘာဝ အသီးဖျော်ရည်တွေ သောက်ပေးတာကလည်း နည်းလမ်းကောင်းပါ။
အပူချိန် လျော့ကျစေနိုင်တဲ့ အစားအစာတွေ စားပေးပါ - နွေပူနေချိန်မှာ အပူဒဏ်ကို သက်သာစေဖို့ဆိုရင် အပူချိန် လျော့ကျစေနိုင်တဲ့ အစားအစာလေးတွေကို စားပေးတာကလည်း နည်းလမ်းကောင်းပါ။ လတ်ဆတ်တဲ့ အသီးအနှံတွေ၊ သစ်သီးတွေ၊ ဆန် နဲ့ ဂျုံ စတာတွေကို နေ့စဉ် စားသုံးမှုမှာ ထည့်သွင်း စားသုံးပေးတာက အပူဒဏ်ကို ခံနိုင်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒီအစားအစာတွေက လန်းဆန်းစေပြီး အပူလျော့စေမှာပါ။
နောက်ထပ် စားလို့ရတာက အာလူးပါ။ အာလူးအပြင် နို့ခဲ၊ ဒိန်ချဉ် စတာတွေကလည်း နွေရာသီမှာ လန်းဆန်းစေဖို့လည်း ထောက်ကူပေးနိုင်မှာပါ။
အသား လျှော့စားပါ - နွေရာသီမှာ တတ်နိုင်သမျှ အသားလျှော့စားပါ။ အကြောင်းကတော့ ကြက်သားက ခန္ဓာကိုယ် အပူချိန်ကို တိုးစေနိုင်လို့ပါ။ ငါးသေးသေးလေးတွေ နဲ့ ဆိတ်သား စတာတွေကိုတော့ သက်သတ်လွတ် မစားချင်ဘူးဆိုရင် နည်းနည်းလောက် စားပေးလို့ ရပါတယ်။ ကြက်ဥ၊ ဘဲဥတွေက ကိုယ်အပူချိန်ကို မြင့်တက်စေနိုင်တယ်ဆိုပေမယ့် နည်းနည်းလောက်တော့ စားပေးလို့ ရပါတယ်။ အပူစပ်တွေကို တတ်နိုင်သမျှ လျှော့စားပါ။ ဟင်းခတ် အမွှေးအကြိုင်တွေနဲ့ ငရုတ်သီးမှုန့်စတာတွေကိုတော့ လျှော့စားပါ။ ဆားအပါအဝင် အငန်ကဲတာတွေကိုလည်း လျှော့စားပါ။ အစပ် စားချင်တယ်ဆိုရင် ငရုတ်သီးစိမ်းကိုတော့ စားပေးလို့ ရပါတယ်။
အသင့်စားတွေကို ရှောင်ပါ - နွေရာသီမှာ အသင့်စား အစားအတွေဖြစ်ကြတဲ့ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်၊ အချဉ်စိမ်ထားတဲ့အရာတွေကို တတ်နိုင်သမျှ မစားပါနဲ့။ ဒီအစားအစာတွေက အဆီများသလို အချိုရော အငန်ပါကဲပြီး ခန္ဓာကိုယ်ကို အပူချိန် မြင့်တက်တာ၊ မအီမသာဖြစ်တာမျိုးတွေ ခံစားရစေနိုင်ပါတယ်။ အပူအစပ်တွေ နဲ့ အချဉ်ကဲမှုတွေကလည်း နွေရာသီမှာ စားဖို့ မသင့်တော်တဲ့ အချက်တွေပေါ့။ ဒါကြောင့် နွေရာသီမှာ ကျန်းမာချင်တယ်ဆိုရင် တတ်နိုင်သမျှ အပူအစပ်နဲ့ အချို အငန်ကဲလွန်းတဲ့ အသင့်စားတွေကို ရှောင်ဖို့ လိုပါမယ်။
အချိုရည်တွေ ရှောင်ပါ - အချိုရည်တွေက နွေပူပူ သောက်လိုက်ရင်တော့ အမောပြေစေသရောင် ရှိပေမယ့် တကယ်ကတော့ နွေရာသီမှာ အချိုရည်တွေကို သောက်တာက ကိုယ်တွင်း ရေဓာတ်ဆုံးရှုံးစေပြီး ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်တာ ကြောင့် အချိုရည်တွေကို မသောက်ပါနဲ့။ ရင်အေးစေဖို့ ချိုချိုအေးအေးလေးကို သောက်ချင်တယ်ဆိုရင်တော့ အုန်းစိမ်းရည်၊ သံပုရာရည် စတာတွေကို သောက်ပေးလို့ ရပါတယ်။ သဘာဝ အသီးဖျော်ရည် စစ်စစ်တွေကို သောက်ပေးလို့ ရပါတယ်။
ရေဓာတ်ဆုံးရှုံးမှု ကင်းစေဖို့ဆိုရင်တော့ ကော်ဖီ နဲ့ လက်ဖက်ရည်စတာတွေကိုလည်း ရှောင်ဖို့ လိုပါမယ်။
အစားတွေကို အလွန်အကျွံ မစားပါနဲ့ - နွေရာသီမှာ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်တာလေးတွေကို စားပေးပါ။ ဒီလို စားပေးတာက အစာအိမ်ကို ဝန်မပိစေဖို့ ထောက်ကူပေးသလို အူလမ်းကြောင်း ကျန်းမာစေဖို့လည်း အားဖြည့်ပေးပါတယ်။ နွေရာသီမှာ အစားအစာတွေကို အလွန်အကျွံ မစားတာက နွေအပူဒဏ်ကြောင့် အစာခြေစနစ် ပြဿနာ ခံစားရနိုင်ခြေကို သိသိသာသာ လျှော့ချလိုက်တာပါပဲ။
နည်းနည်းချင်းစီနဲ့ အကြိမ်ရေ များများ စားပေးတာက နွေရာသီအတွက် မှန်ကန်တဲ့ စားသောက်မှုပုံစံပါ။
အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ပေးမယ်ဆိုရင် နွေရာသီမှာ ကျန်းမာရေးကို ထိထိရောက်ရောက် ထိန်းသိမ်းရာရောက်မှာပါ။
မွန်မွန်